Pages - Menu

2/18/15

နှစ်ပေါင်း ၉၀၀ ခန့်က ဝေပုလ္လတောင် ရန်မျိုးအောင်စေတီတော် တောင်ကလေး ဆရာတော် အုတ်မြစ်တော်စီ

ဘားအံ၊ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ် ဘားအံမြို့နယ် စံဖရီးကျေးရွာအုပ်စုရှိ ဝေပုလ္လတောင် သာသနာ့နယ်မြေတွင် ၁၉၈၆ ခုနှစ်က တောင်ကလေး ဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း) သည် တစ်ပါးတည်း သီတင်းသုံး တောရ ဆောက်တည်၍ ကျင့်ကြံအားထုတ်စဉ် ရှေးနှစ်ပေါင်း ၉၀၀ ခန့်ကတည်းက တည်ထားခဲ့သော ဂ၀ံ ကျောက်သား ရှေးဟောင်းစေတီတော်မြတ် ကို ၁၉၈၈၊ ၁၉၈၉ ခုနှစ်များတွင် ဌာပနာသွင်း ပြန်လည်ပြုပြင်၍ “တောင်စေတီ” အဖြစ် တည်ထား ကိုးကွယ်ခဲ့ကြပါသည်။ ယခုအခါ ရာသီဥတုဒဏ်ကြောင့် အဘက်ဘက်မှ ယိုယွင်း လာသော ကြောင့် စေတီတော်ကို ဉာဏ်တော်အမြင့် ၅၄ ပေ၊ ၆ လက်မ အမြင့်ထားလျက် အောက်ပစ္စယံ အကျယ် ပေ ၁၀၀ ပတ်လည်နှင့် အထက်ပစ္စယံ ပေ ၆၀ ပတ်လည် ရှစ်မြှောင့်ပုံနှင့် ပင်မ စေတီတော်၏ ပတ်လည်တွင် ဉာဏ်တော် ၁၂ ပေ အမြင့်ရှိ အရံ စေတီတော် ၂၈ ဆူတို့ကို တည်ထား တော်မူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။


ရန်မျိုးအောင် စေတီတော်မြတ် တည်ထားကိုးကွယ်ရန် အဆိုပါစေတီတော် ရင်ပြင်တွင် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ရက်၊ (၈-၁-၁၅) နံနက် ၇ နာရီ ၄၅ မိနစ်တွင် တောင်ကလေး ဆရာတော် အရှင်ပညာသာမိ (တောမှီရဟန်း) ဦးဆောင်၍ အုတ်မြစ်စီ မင်္ဂလာအခမ်းအနား ကျင်းပသည်။ အခမ်းအနားတွင် ကြွရောက်လာသော အလှူ့ဒါယကာ၊ ဒါယိကာမများက စံဖရီးကျောင်း ဆရာတော် အရှင်အဂ္ဂဓမ္မထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တောင်ကလေး ဆရာတော်ကြီး ဦးဆောင်ပြီး စေတီတော်၏ တနင်္ဂထောင့်မှ အစပြု၍ လက်ယာရစ် အတိုင်း သောကြာထောင့်အထိ အုတ်မြစ်စီ သံကူ ကွန်ကရစ်လောင်း ပူဇော်ကြသည်။ ထို့နောက် ဇယန္တောဗောဓိယာမူလေ ဂါထာတော်ကို ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက ရွတ်ဆိုပူဇော်၍ အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့သည်။
တောင်ကလေးဆရာတော်က မိန့်ကြားရာတွင် ““မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဟာ ဤစေတီတော်မြတ်ကြီး ပေါ်မှာ မူတည်တယ်၊ ရန်မျိုးအောင် စေတီတော်မြတ်ကြီး အောင်မြင်စွာပြီးစီးရန် တပည့်၊ ဒါယကာ၊ ဒါယိကာမများ ၀ိုင်းဝန်း ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းပါစေ၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းကြပါစေ၊ ရန်အားလုံး အောင်မြင်ပါစေ”” ဟု ဆရာတော်မှ ဆုတောင်းမေတ္တာများ ပို့သခဲ့သည်။
အလှူရှင်များက သံဃာတော် အရှင်သူမြတ်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဧည့် ပရိသတ်များအား သက်သတ်လွတ် မုန့်ဟင်းခါး၊ သက်သတ်လွတ်ထမင်းများ ကျွေးမွေး လှူဒါန်းကြ သည်။
ဇွဲကပင်မျိုးတင့်လေး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald